နယူးယောက်မြို့ကို မပြောင်းရွှေ့ခင် သိထားသင့်သောအချက်အလက်များ (ပထမပိုင်း) 🗽
မိတ်ဆွေက နယူးယောက်မြို့ကို ပြောင်းရွှေ့လာချင်တဲ့သူလား။ ဒါဆိုရင်တော့ ဒီ blog က မိတ်ဆွေအတွက် ဖြစ်မှာပါ 🤓
မိတ်ဆွေအနေနဲ့ နိုင်ငံအသစ်တစ်ခု၊ မြို့ကြီးတစ်ခုကို ပြောင်းရွှေ့ချင်တယ် ဘယ်ကနေစလုပ်ရမလဲ ဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ပူပန်မှု ဖြစ်ဖူးလိမ့်မယ် ထင်ပါတယ်။ 🤨
နယူးယောက်မြို့မှာ ကိုယ့်ကို ကူညီပေးမယ့် ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်းရှိရင်တော့ အခက်အခဲအများကြီး မကြုံတွေ့နိုင်ပေမယ့် တစ်ယောက်တည်း လာမယ့်သူအတွက်တော့ များစွာသော အခက်အခဲတွေနဲ့ တွေ့ကြုံရဖို့က သေချာပါတယ်။
အဲ့တာတွေအတွက် အများကြီးစိတ်မပူပါနဲ့။ ကျွန်တော်တို့ burmesenyc.com ကနေ ကျွန်တော်တို့တုန်းကကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို နောက်လူတွေမကြုံတွေ့ရအောင် sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
စာရေးသူအနေနဲ့ အခုနယူးယောက်မြို့မှာ နေထိုင်နေတာဖြစ်ပြီး နယူးယောက်မြို့ကို လာဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဝမ်းမြောက်စွာ ကြိုဆိုတဲ့အကြောင်း အရင်ဆုံး ပြောလိုက်ချင်ပါတယ်။ ဒီစာကိုလည်း အဆုံးထိဖတ်ကြည့်ဖို့ တိုက်တွန်းရင်း စလိုက်ကြရအောင်….
1. Finding a Place to Live (မိမိနေထိုင်တည်းခိုမည့်နေရာ ရှာဖွေရန်)
မိတ်ဆွေအနေနဲ့ ဗီဇာရလာပြီ၊ ထွက်လာဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဘယ်မှာနေမလဲဆိုတာကို ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ အလည်အပတ်ပဲလာလာ၊ ကျောင်းပဲတက်တက် စရောက်ရောက်ချင်း မိမိဘယ်မှာနေမလဲဆိုတာကို ကြိုတင်ပြီးရှာဖွေထားဖို့ အသိပေးချင်ပါတယ်။ ဒီအချက်ဟာ ခုမှ မြန်မာနိုင်ငံကနေစလာမယ့် မိတ်ဆွေများအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ အကြံပေးချင်တာကတော့ မြန်မာလူမျိုးများဖွဲ့စည်းထားတဲ့ လူမှုကွန်ယက် (social media) ကနေစတင်ရှာဖွေဖို့ အကြံပေးချင်ပါတယ်။ နယူးယောက်မြို့အနေနဲ့ မြန်မာလူမျိုးပိုင်အိမ်များလည်း ရှိတဲ့အတွက် မိမိနဲ့နီးစပ်ရာ သိရှိရာလူတွေကို အရင်ဆုံးသွားရောက်မေးမြန်းသင့်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ အိမ်ငှါးပွဲစားတွေကို Facebook Group ကနေ ဆက်သွယ်ပြီး အိမ်ကိုကြိုတင်ငှါးထားတာဖြစ်ပါတယ်။ ဒီနေရာမှာ အိမ်ငှါးပွဲစားနဲ့ ရှာတာဖြစ်တဲ့အတွက် သူတို့ကို ပွဲစားခပေးဖို့ လိုပါတယ်။ ဘယ်လောက်ပေးရမလဲ အိမ်မငှါးခင် ပွင့်ပွင်းလင်းလင်း မေးထား ပြောထားဖို့ တိုက်တွန်းချင်ပါတယ်။
စာဖတ်သူက DV ပေါက်လို့ရောက်လာတယ်၊ ဒါမှမဟုတ် နောက်ပိုင်းမှာ credit history တွေလည်းရှိလာပြီဆိုရင် အိမ်ငှါးရမ်းဖို့အောက်ဖော်ပြပါ website များတွင်လည်း လေ့လာနိုင်ပါတယ်။
2. Getting Around New York City (နယူးယောက်မြို့မှာ ဘယ်လိုသွားလာကြမလဲ)
နယူးယောက်မြို့ဟာ public transportation ကောင်းမွန်တဲ့အတွက် အခုမှ စရောက်လာမယ့်သူအတွက် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။
မြေအောက်၊ မြေပေါ် ရထား (subway)၊ ဘတ်စ်ကား၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး မိမိကြိုက်နှစ်သက်ရာနဲ့ သွားလာနိုင်ပါတယ်။ ခရီးဝေးဝေးသွားရမယ်ဆိုရင် subway က နေရာတော်တော်များများကို ရောက်မှာဖြစ်ပြီး ဘတ်စ်ကားနှင့်ပါ မိမိသွားလိုရာကို အလွယ်တကူ သွားနိုင်ပါတယ်။ အများသုံး စက်ဘီးတွေလည်း ထားရှိပေးထားတဲ့အတွက် ဟိုနားဒီနားလွယ်လွယ်ကူကူသွားချင်ရင်လည်း အဆင်ပြေပါတယ်။
ရထားစီးဖို့ လက်မှတ်ဝယ်နည်း၊ ဘတ်စ်ကားစီးနည်း စတဲ့ အသေးစိတ်ကို နောက်ထပ် blog မှာ ထပ်ပြီး ရေးပေးပါမယ်။ အောက်ဖော်ပြပါ website များတွင်လည်း ကြိုတင်ပြီးလေ့လာနိုင်ပါတယ်။
3. Job Hunting and Employment Tips (အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်ရှာဖွေခြင်း)
နယူးယောက်မြို့မှာ ဘယ်လိုသွားရမယ် လာရမယ်ဆိုတာကို သိပြီးရင် နောက်တစ်ခုအနေနဲ့ ပြောပြပေးချင်တာကတော့ အလုပ်ဘယ်လိုရှာမလဲ၊ ဘယ်ကနေရှာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အရင်ဆုံးကြိုတင်ပြီး ပြောပြချင်တာကတော့ အမေရိကန်နိုင်ငံမှာ တရားဝင် အခွန်ဆောင်ပြီး အလုပ်လုပ်မယ်ဆိုရင် work permit (အလုပ်လုပ်ခွင့် ကတ်ပြား) ရှိထားရပါမယ်။
ဒါပေမယ့် အခုမှ စရောက်လာမယ့်သူအနေနဲ့ အထက်ပါ အလုပ်လုပ်ခွင့် ကတ်ပြားလည်း မရှိတဲ့အချိန်မှာ ငွေသားပေးတဲ့ အလုပ်တွေပဲ လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။ ငွေသားနဲ့ပေးတဲ့အလုပ်အများစုဟာ စားသောက်ဆိုင်၊ ဆူရှီဆိုင်၊ အရောင်းဝန်ထမ်း စတဲ့ အခြေခံအလုပ်တွေပဲ ဖြစ်ပါတယ်။ မိမိရရှိမယ့်လစာကတော့ အလုပ်လျှောက်တဲ့အခါမှာ အလုပ်ရှင်နဲ့ တစ်ခါတည်းမေးပြီးပြောပြီးမှ သိမှာပဲ ဖြစ်ပါတယ်။ တရားဝင်အလုပ်လုပ်ခွင့် စာရွက်အထောက်အထားများမရှိတဲ့အတွက် တစ်နာရီကို လုပ်အားခ ဘယ်လောက်ရမယ်ဆိုတာကတော့ အလုပ်တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။
မြန်မာအများစုလုပ်ကိုင်ရာ ဆူရှီဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်သလို မိမိကျွမ်းကျင်ရာပေါ်မူတည်ပြီးလည်း အလုပ်ရှာနိုင်ပါတယ်။ အလုပ်လုပ်ခွင့်ကတ်ပြားမရှိတဲ့အတွက် အလုပ်ရှာဖွေရာမှာ ခက်ခဲမှု ကြာရှည်မှုများ ကြုံတွေ့နိုင်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး အားမလျှော့ဘဲ ရှာဖွေဖို့ ဒီနေရာကနေ အကြံပေးလိုက်ချင်ပါတယ်။
အလုပ်ရှာတဲ့အခါ “အလုပ်ခေါ်သည်” (hiring) ဟုဖော်ပြထားတဲ့ ဆိုင်တွေ၊ အလုပ်တွေမှာ ဝင်မေးပြီး အလုပ်ရှာလို့ ရသလို အလုပ်ရှာပေးတဲ့ agency များမှ တဆင့် ရှာလို့လည်း ရပါတယ်။ စရောက်လာမယ့်လူအတွက် agency တွေကနေတဆင့် ရှာဖို့ကို တိုက်တွန်းလိုပါတယ်။ စရောက်လာတဲ့လူတွေ အလုပ်ရှာလေ့ရှိတဲ့ အောက်ဖော်ပြပါ agency တွေမှာ သွားရောက်ပြီး မေးမြန်းလို့ရပါတယ်။
အောက်က website တွေကနေလည်း ရှာကြည့်လို့ရပါတယ်။ သူတို့ကတော့ များသောအားဖြင့် Social Security Number နဲ့ Employment Authorization တောင်းတတ်ပါတယ်။
နောက်ဆုံးအကြံပေးချက်များ
အပိုင်း (၁) အဆုံးသတ်အနေနဲ့ စာဖတ်သူတို့ကို သိစေချင်တာက နယူးယောက်မြို့ကို ပြောင်းရွှေ့လာတဲ့အခါ နေရာအသစ်၊ ရာသီဥတုအသစ် ဖြစ်တဲ့အတွက် အရာရာအသစ်ဖြစ်နေပေမယ့် မိမိအတွက်ပျော်ရွှင်ပြီး စိတ်ချမ်းသာနေရဖို့ အလွန်အရေးကြီးပါတယ်။
ပထမပိုင်းကို အပေါ်မှာ ပြောပြထားတဲ့ (၃) ချက်နဲ့ အဆုံးသတ်လိုက်ပါမယ်။ စာဖတ်သူအနေနဲ့ တကယ် နယူးယောက်မြို့ကို ပြောင်းချင်တယ်ဆိုရင်တော့ ဒုတိယအပိုင်းကို ဆက်လက်ဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ burmesenyc.com ကလည်း တခြားသောအကြောင်းအရာများကို လမ်းညွှန်ပေးဖို့၊ မျှဝေပေးဖို့ ဆက်လက်ကြိုးပမ်းပါမယ်။
နောက်တစ်ပိုင်းမှာ နယူးယောက်မြို့မှာနေထိုင်ရင် သိထားသင့်တဲ့ အချက်များ အပိုင်း (၂) ကိုဆက်လက် ဖော်ပြထားပါတယ်။