အမေရိကန်ကျောင်းသားဗီဇာ အင်တာဗျူးမဖြေခင် ဘာတွေပြင်ဆင်ထားရမလဲ ?

ဒီနေ့မှာတော့ ကျောင်းသား ဗီဇာ (Student Visa) နဲ့ ပတ်သက်ပြီး အင်တာဗျူး မဖြေခင် ဘာတွေပြင်ထားသင့်လည်း ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အမေရိကန်သံရုံးမှာ အင်တာဗျူးဖြေဖို့ Appointment ရထားတဲ့ ညီလေး၊ ညီမလေးတွေကို အရင်ဆုံး congratuate လုပ်ချင်ပါတယ်။ ဒါပေမယ့် appointment ရတာဟာ ဗီဇာရတာ မဟုတ်တဲ့အတွက် စိတ်ချလက်ချပျော်လို့ရတဲ့ အခြေအနေတော့မဟုတ်ဘူးဆိုတာ သိထားစေချင်ပါတယ်။ ဒီ blog ဟာ အင်တာဗျူးမှာ ဟိုလိုဖြေ ဒီလိုဖြေလို့ ပြောပြထားတဲ့ဟာ မဟုတ်ဘဲနဲ့ အခြားသောလိုအပ်တဲ့အရာများကို စုစည်းထားတဲ့ သဘောဖြစ်ပါတယ်။ Visa Interview နဲ့ ပတ်သက်ပြီး ထပ်မံပြောပြပေးသွားမှာ ဖြစ်သလို အသေးစိတ် သီးသန့်ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကိုလည်း အောက်မှာ မိတ်ဆက်ပေးထားတဲ့အတွက် အဆုံးထိဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။


🗂️

ပထမဆုံး အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တစ်ခုမကျန် ပြင်ဆင်စုစည်းပြီး ယူဆောင်သွားစေချင်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံး လိုအပ်တာတွေက

၁။ နိုင်ငံကူးလက်မှတ် Passport

  • သက်တမ်းမကုန်သေးသောနိုင်ငံကူးလက်မှတ်ဖြစ်ရပါမယ်။

၂။ အင်တာဗျူး အတည်ပြုစာ (Interview Appointment Confirmation)

  • Print ထုတ်သွားပြီး စာရွက်ကို ယူသွားပါ။

၃။ DS-160 အတည်ပြုစာမျက်နှာ (DS-160 Confirmation Page)

  • ဘားကုဒ်ပါတဲ့ စာမျက်နှာကို print ထုတ်ပြီး ယူသွားပါ။

၄။ ဓာတ်ပုံ

  • နိုင်ငံကူးလက်မှတ်အရွယ်ဓာတ်ပုံများ ယူသွားပါ။

၅။​ ဗီဇာ အင်တာဗျူးကြေးငွေ

  • ဗီဇာ အင်တာဗျူး ဖြေဆိုရာတွင် ပေးရမည့်ငွေကို ငွေသားနဲ့ ယူသွားပါ။

၆။ Sevis Fee အတွက် ငွေပေးချေဖြတ်ပိုင်း

  • Sevis Fee အတွက်ပေးထားတဲ့ ဖြတ်ပိုင်းကို print ထုတ်ယူသွားပါ။

၇။ ကျောင်းနဲ့ ပတ်သက်သော စာရွက်စာတမ်းများ

  • I-20 ဖောင် print ထုတ်ပြီး ယူသွားပါ။

  • ပညာရေးဆိုင်ရာ မှတ်တမ်းများ (အမှတ်စာရင်း၊ တက္ကသိုလ်ဝင်တန်းဆိုင်ရာ စာရွက်များ)

  • မိမိတက်မည့်ကျောင်းက တောင်းတဲ့ ငွေကြေးဆိုင်ရာ မှတ်တမ်းများ (Bank statements)

၈။ အခြားသော စာရွက်စာတမ်းများ

  • မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်မှုအထောက်အထားများ (အလုပ်အတည်ပြုစာ၊ အိမ်ခြံမြေစာရွက်စာတမ်းများ)

အစရှိသည်တို့ကို မူရင်း၊ နိုတြီပြန်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းများကို နိုတြီပြန်ပြီး ယူသွားပါ။


🎯

ဘာတွေယူသွားရမလဲ သိပြီးပြီဆိုရင် ဘာတွေထပ်ပြင်ဖို့ လိုမလဲဆိုတာကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

၁။ DS-160 ကို သေချာပြန်ကြည့်ပါ။

  • ပထမဆုံးပြင်သင့်တာကတော့ ကိုယ့်ရဲ့ DS-160 ဖောင်မှာဖြည့်ထားတဲ့ အချက်အလက်များကို သေသေချာချာသိနေဖို့ ပြင်ရပါမယ်။ ကိုယ်ဖြည့်ထားတာတွေကို တိတိကျကျ မှတ်မိနေပါစေ။

၂။ အင်တာဗျူးမှာ အမေးများတဲ့ မေးခွန်းတွေကို လေ့ကျင့်ပါ။

  • အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတွေကို ကိုယ့်ရဲ့ ပညာရေးအတွေ့အကြုံ၊ ကိုယ့်ရဲ့ နောက်လုပ်မယ့် plan တွေအပေါ်မူတည်ပြီး ကြိုတင်ပြင်ထားပါ။ များများလေ့ကျင့်လေ ပိုပြီး သက်တောင့်သက်သာဖြစ်ပြီး ယုံကြည်မှုပိုရှိစေမှာဖြစ်ပါတယ်။

  • အင်တာဗျူးဖြေတာနဲ့ပတ်သက်ပြီး burmesenyc.com ကနေ ထပ်မံပြောပြပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒီအဖွဲ့အစည်း 0 Kyats Consulting နဲ့လည်း ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။

၃။ အဝတ်အစားကို သင့်တော်စွာ ဝတ်သွားပါ။

  • သက်တောင့်သက်သာဖြစ်မယ့် အဝတ်ကို ရွေးဝတ်သွားပါ။ အရမ်းကြီး formal ကျအောင် ဝတ်ဖို့ မလိုသလို သရုပ်မပျက်အောင် ဝတ်သွားရင် ရပါတယ်။

၄။ သံရုံးကို အချိန်မှီ ရောက်အောင်သွားပါ။

  • ကိုယ်က ရန်ကုန်သံရုံးမှာ အင်တာဗျူးဖြေရမှာဆိုရင် appointment အချိန်ထက် ရန်ကုန်သံရုံးကို စောစောရောက်အောင်သွားပါ။ အခြားနိုင်ငံတွေမှာ ဖြေရမှာဆိုရင် သံရုံးကို သွားရန်ကြာတဲ့အချိန်ကို သေချာတွက်ထားပြီး စောစောရောက်နေရန် ပြင်ဆင်ပါ။

နောက်ဆုံးအနေနဲ့ အင်တာဗျုးမတိုင်ခင် ကောင်းမွန်စွာ အနားယူပါ။ ကိုယ်နေတဲ့နေရာကနေ သံရုံကိုမသွားခင် စာရွက်စာတမ်းများ မကျန်စေရန် ထပ်စစ်ပါ။ confident ရှိရှိနဲ့ အေးအေးဆေးဆေး ဖြေဆိုပါ။

✨ ဗီဇာအင်တာဗျူး ဖြေဆိုသူတိုင်း အောင်မြင်ပါစေလို့ burmesenyc.com ကနေ ဆုတောင်းပေးလိုက်ပါတယ်။ ကိုယ်သွားချင်တဲ့မြို့၊ တက်ချင်တဲ့ကျောင်းမှာ ချောချောမွေ့မွေ့တက်ရောက်ပြီး အမေရိကန် dream ကို ဆွတ်ခူးနိုင်ကြပါစေလို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ် ✨

burmesenyc.com ကို အောက်ပါ link မှ တဆင့် subscribe လုပ်နိုင်ပါတယ်။


Endnote Tunes

📼

Endnote Tunes 📼

Previous
Previous

အမေရိကန်နိုင်ငံသို့ မလာခင် စစ်ရမည့် အရေးကြီးတဲ့ Checklist

Next
Next

နယူးယောက်မြို့ကို မပြောင်းရွှေ့ခင် သိထားသင့်သောအချက်အလက်များ (တတိယပိုင်း) 🗽